တရားနှင့်ဓား
အား နှစ်အား တွင်
တရားကို ချစ်
ဓားကို ပစ်အံ့
စစ်ကို ငါတို့ မုန်းပါသည်
စစ်အာဏာရှင်အတွက် နိုင်ငံတော်စီရင်ချက် မြန်မာပြည်ကို လက်နက်နဲ့ စစ်တပ်အားကိုး ဗိုလ်လုပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်နဲ့  နောက်ပါတစ်စုရဲ့  အတ္တမာနတွေအတွက် တို့ ပြည်သူတွေရဲ့ ဘ၀နဲ့  အသက်၊ ခန္ဒာဟာလက်နက်။ နိုင်ငံနဲ့ လူမျိုး ကောင်းစားမှာမို့  တကိုယ်တော်စိတ် မရှိတဲ့ ကမ္ဘာ့ပြည်သူများနဲ့ မြန်မာ လူထု ချစ်ခင်လေးစားသူ အာဇာနည် မျိုးဆက် အမျိုးသား ဂုဏ်ရောင် လူထုခေါင်းဆောင် အမျိုးသမီးကြီး------ရေ ပြည်သူချစ်ဆေး ဂမုန်းနဲ့ ကမ္ဘာ့ ခေါင်ေးဆာင်အသီးသီးရဲ့ ထောက်ခံမှု ရထားတဲ့ အတွက်-----။ မျှော်လင့်ချက်မဲ့ ၊ ဆင်းရဲသား ပြည်သူများ တိုင်းရင်းသား လူမျိုးစုများ နယ်စပ်ဒေသရောက် ရွှေ့ ပြောင်း စစ်ဘေး ဒုက္ခသည်များနဲ့ နိုင်ငံရေး မျိုးဆက်သစ်များရဲ့  ကမ္ဘာမကြေဘူး-ဆိုတဲ့ ငိုကြွေး သံစဉ်တွေ ရပ်တန့် ပြီး ငြိမ်းချမ်းရေး ချိုးငှက်ရဲ့  ကြည်သာချိုမြ တေးဂီတသံကို နားဆင်လိုကြတဲ့ ကမ္ဘာ့ပြည်သူများနဲ့ နိုင်ငံတော်အတွက် တိုင်းပြည်နဲ့ လူမျိုးစုတွေရဲ့  ကယ်တင်ခွင့်ကို ကမ္ဘာ့ ခေါင်းဆောင်များ လူမျိုးစု ခေါင်းဆောင်များက တာဝန်ပေးအပ်ထားပြီး အမျိုးသမီးကြီး-------ရေ။ မြန်မာပြည်ရှိ လူမျိုးစုများ တိုင်းရင်းသား ပြည်သူများနဲ့ ရှေ့ ဆက်ရမယ့် အနာဂါတ် ခရီးမှာ ရှေ့ တိုး နောက်ဆုတ် သေနင်္ဂဗျူဟာ အလုပ်နဲ့ ငြိမ်းချမ်းကြဖို့ လိုနေပြီလေ။ အကြောင်းကြောင်းတွေ ကြားက စစ်အာဏာရှင်နဲ့ ပေါင်းစား တိုင်းပြည်ကိုရောင်းစားဖို့ ကြံစည်နေကြတဲ့ ခေတ်ပျက်သူဌေးများနဲ့ အာဏာရှင် နောက်လိုက် တစ်စုအတွက်တော့-----။ ၂၀၁၄ (နှစ်ထောင့် ဆယ့်လေး) လာမယ့် ရွေးကေက်ပွဲမှာ နိုင်ငံတော် ခုံရုံးတင် ပြည်သူ တရားရှင်တွေနဲ့ တရားစီရင်ရမယ့် မဲဆန္ဒရှင် ပြည်သူတွေရဲ့  လိုလား တောင့်တချက်တွေကို ဖြည့်ဆည်းပေးဖို့ အချိန်ရောက် လာပြီလေ-------။ သက်ထူးဇင်(အိုလီဆောင်း)
6-10--2011
++++++++++++++++++++++++++++++
- ဘကြီးမှိုင်းကိုတိုင်တည်ပါ၏ ထွန်းဝေ -တိုကျို -12-8, 2011။- ငြိမ်းချမ်းရေးမြော်ရှုလို့ သိန်းသန်းအတွေးတွေအဖေါ်ပြုကာ အတော်ကိုလုယူပေးခဲ့တဲ့ဘကြီးမှိုင်း သမိုင်းဘောင်မှာ တသက်ဟန်မဆောင် အရိုင်းကောင်မသမာတွေကို လက်သံပြောင်ခဲ့ပေမဲ့ ဇရက်ဟန်ဆောင်တိုးတဲ့ ဂျိုး(ချိုး)ကို အဆိုးမမြင် ရိုးတယ်ထင်ပြီး သူခိုးဓါးရိုးကမ်း ရမ်းချင်သလိုရမ်း လှမ်းချင်သလို လှမ်းစေလေရော့သလား။ အများက ကြောက်မက် အသားကလောက်ထွက်တဲ့ ဓါးမြကောင်တွေ သစ္စာဘောင်လဲ မခ မေတ္တာရောင်လဲမပြတဲ့ပြင် ကိုယ့်လူကိုယ်ချ လိုင်စင်ရ ဓါးမြအကြီးစား။ စစ်ဓါးမြတွေမွှေနှောက်လို့ အိုးအိမ်တွေ မှောက် အသက်တွေပျောက် ကြောက်နေရတဲ့တိုင်းရင်းသားများ ဘယ် ဖင်ကြားမှာသွားပုန်းနေရတော့မလဲ။ ဆရာတင်မိုးရဲ့ အတွေးကြား ရေးထားသလို နအဖစစ်သားတွေက စစ်အားမကောင်းရင် ဂျစ်ကားတောင်မောင်းနိုင်မှာမဟုတ် ယုတ်တဲ့နေရာမှာ ပလ္လင်ထိုင် မဟုတ်တဲ့နေရာမှာ ဘ၀င်ကိုင် ပြည်သူတွေမှာ ရင်ဆိုင်မလွဲ ဖင်ထိုင်လဲပြီး (ဘကြီးမှိုင်းရေ) အသဲစိုင်တွေကွဲ။ (ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက်တဲ့ဘေးက လုံးလုံးပျောက်မဲ့အရေးကို အတွေးမပို အရေးဆိုပါ၏ဗျာ) ထွန်းဝေ -တိုကျို
---------------------------------
အောင်ဆန်းဇာနည် ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား ဇာတိ နတ်မောက် မကွေးခရိုင် သိကြများ ခုတိုင် ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား မိခင်ဒေါ်စုသား တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင်၊ ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား။
----------------------------------
အသက်တရှူအားတယူအထိကြိုးစားမည့်သူ ကိုကိုအောင်(ဆန်ဖရန်စစ္စကို) -16-6, 2011။- (ဒေါ်အောင်ဆန်းစုကြည် အသက်၆၆-နှစ်မွေးနေ့အကြို) တနေ့တနေ့ တရွေ့ရွေ့နှင့် ဆွေးမြည့်ရင့်ယော် အိုလာသော်လဲ စိတ်ထဲစွဲလျက် ယုံကြည်ချက်ကား ပျောက်ပျက်မသွား ဆုံးမသွားဘဲ သွေးသားထဲမှာ မြဲလျက်ပါ။ တိုင်းပြည်အကျိုး ကိုယ့်လူမျိုးကို ဆိုးဝါးသည့်အခြေ ဒုက္ခမြေမှ မသွေမုချ ကယ်ဆောင်မဖို့ ဆန္ဒပြင်းနေ ဒို့အမေ။
အမေ့ဆန္ဒ မပြည့်ဝ မချင်း ယိုယွင်းခန္ဓာ အိုမင်းလာလဲ သူ့မှာမမှု မြဲအံတုလျက် အသက်တရှူ အားတယူထိ မငြူစူတိုက်ပွဲ ဆင်နွှဲသွားမည့် ဇာနည်ဘွားသမုဆွေ ပြည်သူ့အမေ။ ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
------------------------------
ဒီပဲယင်းက အရိုးတွန်သံ (၃၀-၀၅-၂၀၀၃ ဒီပဲယင်းလုပ်ကြံမှုကြီးသို့) နှစ်ထောင့်သုံး မေလ အဆုံး ၃၀ ရက်ဝယ် လွမ်းစဖွယ် နွမ်းနယ်ကြေကွဲ ၀မ်းနဲစရာ ဖြစ်ရပ်မဟာ သမိုင်းမှာ မှတ်တမ်းမ၀င် မော်ကွန်းမတင်သေးပေမဲ့ ရင်လေးစရာ ဇာတ်လမ်း အတတ်ဆန်းကာ ဆင်ယင်နွဲ ဒီပဲယင်း လူသတ်ပွဲ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လူထုမေတ္တာရေကိုခံယူ လူအများစုကကြည်ဖြူ ညီတူဂုဏ်များ မနှိုင်းအားသမို့ ငြူစူကာ အရိုင်းသမားအသွင် သမိုင်းကြားရာဇ၀င်မှာ အမဲစက်ထင်အောင် ဂုဏ်ရောင်တောက်ကြွား ဖေါက်ပြားတဲ့လူတစုနဲ့ ဒေါ်စုအား သတ်ဖို့ကြံ ဒင်းအကြံ ဒင်းဥာဏ်က တင်းခံတဲ့လူအများကို ငြင်းဆန်ကာ အံမတုနိုင်လို့ ငြိမ်မှုပိပြားရေးနဲ့ စစ်ဆေးရန်ခေါ်ဆောင် အကျဉ်းထောင် မဟုတ်တောင် အကျယ်ချုပ်တဲ့ အချုပ်ထောင် မလှုပ်နိုင်အောင် ထိန်းသိမ်းပေါက်ရောက် စောင့်ရှောက်ပေးထားရှာသတဲ့။ မြန်မာ့ သမိုင်းရာဇ၀င်မှာ တရားဝင် မော်ကွန်းမတင်ရသေးပေမဲ့ ဒီပဲယင်းအရေးကတော့ ဆွေးသွားတဲ့အလောင်းကောင်ရဲ့ မဆွေးနိုင်တဲ့ အရိုးက တမျိုးအားခွန်မာန်ပွားပြီး အရိုးများတွန်သံကြားလာပါလိမ့်မယ်။ ကိုကိုအောင်(ဆန်ဖရန်စစ္စကို)
1,6,2011
---------------------------------------
" မင်း " အတွက် လက်ဆောင် အ၀တ်ဟောင်းကို ချွတ်ချ အ၀တ်သစ်တွေ ၀တ်ပြ ခန္ဓာကိုယ်ကို ပေါင်းတင် မျက်နှာကို ရွှေချရုံနဲ့တော့ မင်းပိုလှလာမှာ မဟုတ်ဘူး ကွာ.. ။ စိတ်ဓါတ်က တည်ကြည် အကြံဥာဏ်က လေးနက် ဖြောင့်မတ်တဲ့ လုပ်ဆောင်ချက်နဲ့ အများအကျိုး အတွက် မင်းတကယ် ပေးဆပ်ခဲ့ရင် ဒါတွေ မလိုပါဘူးကွာ….. ။ အများအမြင်မှာ ရှုချင်စဖွယ်ဖြစ်အောင် ဖီးလိမ်းလို့ ချယ်သထားပေမယ့် မင်းရင်ထဲက အကျင့်ဆိုးတွေ မပြင်သမျှတော့ မင်းရဲ့ အလှကို ငါခံစားလို့ မရသေးဘူး………..။ ရာထူးနဲ့ဂုဏ်အရှိန်ဝါကြောင့် မင်းကိုလူတွေက ကြောက်လန့် မင်းလုပ်သမျှ ခေါင်းငြိမ့်ပြနေတာ အဟုတ်မှတ် စင်ပေါ်ကိုတက်ကဖို့ ကြိုးစားနေတဲ့ မင်းလုပ်ရပ်ကို ပညာရှင်တွေက ဟားတိုက်လို့ ရီမောနေကြတယ်………။ စေတနာနဲ့ လမ်းညွှန်ပြရင် လက်မခံ ဒေါသသံနဲ့ ငြင်းဆန်ပြတဲ့ မင်းရဲ့ သေးနုပ်လှတဲ့ အသိဥာဏ်မှာ ဗြမ္ဗာစိုလ် တရားဆိုတာ ခမ်းခြောက် အတ္တရဲ့ အကျဉ်းသား အဖြစ် နွံနစ်နေတဲ့ မင်းဘ၀ကို ငါသနားမိတယ်ကွာ… ။ မင်းရဲ့လုပ်ရပ် ငါသုံးသပ်ပြမယ် လက်ခံနိုင်မလား သူငယ်ချင်း လူတချို့က မင်းကြောင့် ဘ၀တွေကြွေမွခဲ့ရတယ် လူတချို့က မင်းကြောင့် နှစ်ပေါင်းများစွာ ဒုက္ခဆိုးတွေ ခံစားခဲ့ရတယ် လူတချို့က မင်းကြောင့် အသိဥာဏ်တွေ ပျောက်ဆုံးပြီး အမှားများစွာကို ထပ်တလဲလဲ ကျူးလွန်နေကြတုန်းပါဘဲ .။ တကယ်တော့ မင်းဟာ ကိုယ်ကျိုးအတ္တ အတွက် လူပေါင်းများစွာရဲ့ဘ၀ကို ဖျက်စီးချေမှုန်းခဲ့သူပါ. တကယ်တော့ မင်းဟာ လှပတဲ့ ပန်းပွင့်များကို စနစ် တကျ ခြေမွဖျက်စီးခဲ့သူ ပါ… .။ မင်းယုတ်မာခဲ့တာကို ငါသိသမျှ ကို စာစီချပြရင်တောင် ဒီတသက်တော့ ဆုံနိုင်မှာ မဟုတ်ပါဘူးကွာ ။ မင်းရဲ့ ယုတ်မာတဲ့ စိတ်ထားနဲ့ ကောက်ကျစ်တဲ့ ဓါတ်အခံ ပေါင်းစပ်မှုကြောင့် ထွက်ပေါ်လာတဲ့ အကြံဥာဏ်အားလုံးဟာ စိတ်ပျက်စရာတွေ ကောင်းလွန်းလို့ စေတနာနဲ့ အသိပေးတာကို မကျေနပ်လို့ ဒေါသထွက်လာရင်တောင် မျက်စိလးကို ခဏလေးပိတ် မင်းလုပ်ခဲ့သမျှ သေချာစွာ စဉ်းစား ငါပြောတာ အမှားပါခဲ့ရင် ငါ့လက်ကို ငါဖြတ်ပြီး အမှန်တရားရဲ့ ယဇ်ပလ္လင်ထက်မှာ စတေးခံလိုက်ပါ့မယ် ။
ဗမာ့သွေး
18,5,2010။-
မိုးတွေမဟုတ်ဘူး ... မျှော်လင့်ချက်တွေ ရဲရင့်သက်ဇွဲ မေ ၅၊ ၂၀၁၁
အမေ့ သားကြီး အင်းစိန်ထောင်မှာရှိတုန်းက ဒီလိုသတင်းကြားရတိုင်း မျှော်လင့်ချက် အလံထူ အင်းစိန်ထောင်ဗူးဝမှာ မြေးလေးတွေနဲ့ အတူ ထမင်းမေ့ ဟင်းမေ့  မျှော်ရှာသူလေ.....။
အခုလဲ ... ဒီသတင်း အမေ့ ရင်တွင်း မျှော်လင့်ချင်းများစွာ တဆယ့်လေးနှစ်တာကို ဖြတ်သန်းခဲ့ပီး ကျန် တဆယ်နှစ်နှစ်တာကိုလည်း မျှော်လင့်ချင်းများစွာနဲ့  ဖြတ်သန်းရဦးမှာပါပဲ .....။
မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ကြားက မော်လမြိုင်ထောင် မသွားနိုင်တဲ့အမေ အထူ အတွဲ ရှိမှ ထနိုင် ထိုင်နိုင် သွားနိုင်တဲ့အမေ အကျဉ်းသားလွတ်မြောက်ရေးသတင်း အကြားမှာ အမေတယောက် သူ့ သားကြီးစိတ်နဲ့  ယောက်ယက်ခတ်နေပုံများ အထူအတွဲမလို အိမ်ပေါ် အိမ်အောက် ဆင်းလိုက် တက်လိုက် တက်လိုက် ဆင်းလိုက် သားပြန်အလာကို မျှော်ရှာပုံများ .......။
သည်းသည်းမည်းမည်း ရွာနေတဲ့မိုး မဟုတ်ဘူး ...မဟုတ်ဘူး အဲဒါမိုးတွေ မဟုတ်ဘူး..... သည်းသည်းမည်းမည်း ရွာနေတာ အမေ့ ရဲ့  မျှော်လင့်ချက်တွေ ........။ (အမေသို့ )
------------------
သူရဲစောင်းကြီးများကို ပြန်လည်ဖိတ်ခေါ်ခြင်း ကျော်ဟုန်း တချိန်တုန်းက မင်းရုပ်လွှာကို မြင်ဖူးတယ်။ အာသံမှာ ယူနီဂျက်အလံကို ဓားနဲ့ပိုင်း ယမ်းကျည်တွေကြား ဓားသွားထက်တဲ့ မဟာဗန္ဓုလ လိုလို။ ရန်သူထက် အင်အားကွာ နည်း ပြန်လမ်းမရှိ ရှေ့ပဲဆက် နောင်ရိုးမှာ ဖောင်ဖျက်တိုက်ခဲ့ ဘုရင့်နောင် လိုလို။ ဒို့များ ဒီမိုအရေးမှာ ခွပ်ဒေါင်းအလံကို နဖူးမှာစည်း မိုးတလုံး လေတလုံး အာဂုံသုံး လက်သီးလက်မောင်းတန်းပြီး ဒေါသမျက်နှာနဲ့ အသားကုန်အော် မင်းအသံကြားရုံနဲ့ နအဖ လဲသေလောက် လားလား ... လူအုပ်ရှေ့က သူရဲကောင်းကြီး ခု ဘယ်များရောက်နေပါလိမ့်။
ဘာလုပ်မယ်၊ ညာလုပ်မယ် ဘာဖြစ်သွားမယ်၊ ညာဖြစ်သွားမယ် ဆင်ဖမ်းမယ်၊ ကျားလည်းဖမ်းမယ် မြွေဖမ်းမယ်၊ တီကောင်ပါဖမ်းမယ် ကမ္ဘာကြေတောင် ဥဒါန်းမကြေ အရိုးကြေကြေ အရေခန်းခန်း မေးရိုးကြီးကား လည်ပင်းကြောထောင် လက်သီးကျစ်ကျစ်ပါအောင်ဆုပ် အာလုပ်သံကြီးနဲ့ မင်းရဲ့ဟိန်းဟောက်လိုက်သံများ အာဖရိက ခြင်္သေ့ကြီးတွေတောင် ခေါင်းကိုဝှက် အမြီးကုပ် သမင်အုပ်တွေ့တာတောင် မလိုက်ရဲ မင်းဟန် မင်းအသံကို တုမယှဉ်နိုင် ကြောက်ခဲ့ရ ဒီပုံရိပ်တွေ ဘယ်ရောက်သွားပါလိမ့်။ လူသမိုင်း စကတည်းက ရေကြည်ရာ မြက်နုရာရှာ နေထိုင်ပုံသဘာဝ နားလည်ပေးနိုင်ပါတယ်။ ဒီမိုကရေစီမြတ်နိုးတဲ့ မင်းဟာ ဒီမိုကရေစီနိုင်ငံကို မိသားစုနဲ့ရောက် ဒီမိုကရေစီအစာတွေ တ၀တပြဲစားရ ဗိုက်ကြီးစူ၊ ပါးကြီးဖောင်း၊ ဖင်ကြီးစောင်း စောင်ခြုံထဲကတောင် ‘ဒို့အရေး’ မအော် နိဗ္ပာန်ရောက် ဆုတောင်းဖို့တောင် မေ့ရော့ထင့် ရဲဘော်ရဲဘက်ဆိုသူတွေကို မေ့ရော့ထင့် ဒို့ပြည်က ပြည်သူ့ဘ၀ကို မေ့ရော့ထင် နှစ်ရှည်ခံအကျဉ်းစံသူရဲကောင်းတွေကို မေ့ရော့ထင့် ထမင်းစားရေသောက် ဗမာစကားပြော မေ့ရော့ထင့် “ရော ... ခက်(စ်)တော့ ခက်(စ်)နေပါပြီ သူရဲစောင်းကြီး” ။ အင်တာနက်ကတဆင့် ဒို့ပြည်သူ၊ ဒို့နိုင်ငံအကြောင်း ရုပ်လည်းမြင် အသံလည်းကြား ရှုပွားနိုင်ပါတယ် မျက်လုံးမကန်း၊ နားမထိုင်းသေးဘူးဆိုရင်ပေါ့။ တိုက်ပွဲက လိုက်ပွဲလိုနေတာ မင်းသိမယ် တိုက်ပွဲခေါ် သူရဲမျှော်တာ မင်းသိမယ် မိသားစုဒီမိုရသလို တိုင်းပြည်ဒီမိုလိုတာ မင်းသိမယ် ဒီမိုရရင် ဒီမိုခိုင်ရေး ထိန်းဖို့လိုတာ မင်းသိမယ် လုပ်ချင်သူ လုပ်စရာတွေ အများကြီး အဝေးကလည်း လုပ်နိုင်ပါတယ်။ အောက်ဆီဂျင်လို ကိုယ်တိုင်မီးမလောင်နိုင်တောင်မှ မီးလောင်ခြင်းကို အားပေး တန်ဖိုးမသေးဘူးမို့ တချိန်တုန်းက မင်းရုပ်လွှာမျိုး ပြန်မြင်ချင်ပါတယ် သူရဲစောင်းကြီး ။ ။ ကျော်ဟုန်း 1, 5, 2011
------------------------
အလှချင်း မပြိုင်နိုင်တော့ပါ အတာတန်ခူး နှစ်သစ်ဦးမို့ ဖူးပွင့်ကြပိတောက်ရွှေဝါ။ သင်္ကြန်အကျ သင်္ကြန်အလှကို ပန်းကလေးတွေက ဖူးကြပွင့်ကြနဲ့ တာဝန်ကျေလှပါပေတယ်။ ရိုးရာသင်္ကြန်ပွဲ ဆင်ယင်နွှဲကြတဲ့သင်္ကြန်မယ်များ မဏ္ဍပ်ဝယ်သွား ရေပက်မကစားကြ စုံမက်ပျော်ပါး မော်တော်ကားများနဲ့ မော်ကြွားကာ ရေပက်ခံသွားကြတဲ့ ကာလသား ကိုကိုများလဲ အပျိုတွေကို နောက်မပိုးနိုင်ကြ။
မြန်မာပီပြင် ခုံခုံမင် ပျော်ချင်ကြပေမယ့် ၀မ်းက မ၀ ခါးက မလှ မီးက မရ ရေက မရ သဘာဝဘေးဒုက္ခကလဲ ဗလပွ ဒုက္ခ သုက္ခ ၀န်းရံခတဲ့ခုကာလ သင်္ကြန်ဒိုးနဲ့ သင်္ကြန်အက အလှပြမဏ္ဍပ်တွေမထိုးနိုင်ကြ အလှပြကားတွေမထွက်နိုင်ကြ။ စစ်အစိုးရ အုပ်ချုပ်ဆဲ ခုကာလ လူထုအားလုံးနင်းပြားဘ၀ ဘယ်ပွဲတော်မှ မပျော်နိုင်တဲ့ဘ၀ မီးခဲပုံ ထိုင်ခုံလုပ်နေရတဲ့ဘ၀ အပုပ်ကောင်ကို သရုပ်ဆောင်နေရတဲ့ဘ၀ အကျုပ်ထောင် ဂွမ်းဆောင်လုပ်နေရတဲ့ဘ၀ ဒီဘ၀ ဒီမျှသာ ကျေပါစေသား စိန္တေဘုရားထံ ဆုပန်ကြား ဘုရား ဘုရား ကယ်တော်မူပါဘုရား။
ဆုလဲတောင်း ကိုယ်လဲကောင်းအောင်လုပ် အဟုတ်အလုပ်လုပ်မှ အချုပ်နှောင်ဒီဘ၀ ကျွတ်နိုင်မည်ပ။
ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဧပြီ-၁၄- ၂၀၁၁
======================
۞အလှည့်အပြောင်းနဲ့ ရွက်ဟောင်းကြွေချိန် ဧရာဝတီရဲ့ ဟိုဘက်ဒီဘက် သုံးရိုးမရဲ့ အပြင်ဘက် အတွင်းဘက် ကြယ်တွေကြွေတဲ့ ရက် ရေတွက်နိုင်လို့ လား…။ ဒီဥတုက ရာသီဟောင်းထဲက သင်္ခန်းစာပြောင်းထည့်ထားတဲ့ . . . . .က ဟင်းတစ်ခွက်လို ပြီးခဲ့အကျန်တွေနဲ့  လိုရာစုပေါင်း ရွက်ဟောင်းအဖြူအောက်က အစိမ်းစတွေ မျက်စ လက်စတပြပြ။ ရက်ပေါင်းတွေ ကြာညောင်းလာလည်း အရင်နွေပူပူအတိုင်း အဟောင်း မပြောင်းသေးပါဘူး ပြစ်မလွယ် အမြစ်တွယ်နေဆဲ။ ပုံစုံတကျ ဝေ့၀ိုက် တိုက်ခိုက်လာတဲ့ လေပြေဆန်ဆန် လေရိုင်းတစ်အုတ်ကို ကျား အမြီးဆွဲသလို တချို့ က ဖမ်းဆုပ်ကိုင်ချင်ကြ။ နွေအသစ်ကို မျော်လင့်သူတို့  ရွက်ဟောင်းတွေချွေချ ရွက်သစ်တွေဝေငှ ချင်သူတို့ ရဲ့  စေတနာ ဆိုတာတွေ ခေါင်းပေါ် ဆံပင်ဖျားမှ ယိုစိမ့်ကျသလို တကယ်ဆို သူတို့ ကိုယ် သူတို့ ငိုခဲ့ရ။ ဖြူစင်ဝင်းလက် နေခြည်ပြောက်တွေ လင်းလက်ဝေချင်လည်း ချိုးဖြူပျို တို့  သာယာတေးဆို ငြိမ်းအေးစေလိုလည်း ကြယ်တွေကြွေတဲ့ မြေရိုင်းပေါ် ရပ်နားပျော်မွေ့ ချင်လည်း မျက်ရည်တေးသွားနဲ့ တည်ဆောက် မီပေါက် မီးပွါးတွေကို ကြောက်ရွံ့ နေဆဲ။ အရှေ့ အလယ်ပိုင်းက ပြောင်းလဲရေးရောင်ခြည် အရှေ့ တောင်အာရှဆီမှာ လင်းလက်ချိန် သင့်ပြီထင့်။ ပြောင်လဲခြင်းတစ်ခုတည်း တည်မြဲတဲ့လောက သူတို့ က အဘယ်အသားနဲ့ ထုဆစ်ထား ထာဝစဉ် ထာဝရကားမရှိ-သိပါစေ ရွေ့ လျှားခြင်းရဲ့ အတုံ့ အလှည့် ခံ ရချက်သက်သာပါစေ။ ။ မင်းတာရာ
27/3/ 2011
ဘ၀တစ်ဆင့်ချိုးရဲ့ တကယ့်အဖြစ်ဆိုး Vampire တွေရဲ့ စိတ်ကြိုက် Special ၀ိုင်တွေတိုက်ကျွေး ဦးနှောက်ခါးကျိုး ငုတ်လျှိုးကျွမ်းကျင်လွန်သူတို့  ကျော့ကျော့လေးနဲ့ လောကကို မော့မော့လေး ဆက်ဆံ အသက်ရှင်ဖို့ အတွက် ပေတစ်ရာလမ်းမပေါ်ထက် ကျခဲ့ရသွေးစက်တွေက ပျောက်ပျက်ခြောက်သွေ့ ခြင်းကို တော်လှန်နေကြ ရနံ့ လှိုင်လှိုင်တွေလည်း ၀ိညာဉ်တွေနဲ့ အပြိုင်ပျံ့ လွှင့်နေကြဆဲ။ ရှစ်ဆယ့်ရှစ်ရဲ့  မတ်ခ်ျလ တံတားဖြူနဲ့ အင်းယားရေပြင်အရောင်အသွင်ပြောင်းခဲ့ရ ဘယ်လိုအကြောင်းနဲ့ မှ ပြုံးပြီးပျော် ”ဖုန်းမော်“ကိုမေ့လို့ မရ ငါတို့ နားစည်မှတီးတိုး သွေးကြောထဲတိုးတိုးဝင် ရာဇ၀င်တွင်ခဲ့သမိုင်းအရိုင်း အပိုင်းပိုင်းပြတ်ခဲ့ ငါတို့ ဘ၀တွေ သောကတွေ ဝေငှရင်း ဗေဒါတစ်သင်းက တီးတိုးငိုကြွေးနေကြ အံကိုကြိတ်ခဲ ခရီးရှည်ပျံသန်းနေဆဲ ခွပ်ဒေါင်းတို့ ရဲ့ အသည်းထဲ သံမှိုစွဲသလို ဘယ်လို-တွန်းဖြို ဖျက်ဆီး မေ့အားကြီးလို့ ရပါ့မလဲ။
အဖေ-အမေများစွာတို့ က အသွေး အသား အသက်တွေကို ခန္ဓာကြီးထွားစေဖို့  မေတ္တာစိုစိုနဲ့  ဇီဇ၀ိုးငှက်တွေလို အသက်စွန့် ကျွေးမွေးခဲ့လည်း ပဉ္စအနန္တရိယကံတွေနဲ့  ရင်းနီးပျော်ပါး အပယ်သွားဖို့  ရိက္ခာထုတ်ပိုးနေကြ သာဘာဝယုတ္တိ ဓမ္မယုတ္တိအရှိတရားရောင်ဝါတွေက သူတို့ ရဲ့ အစွန်းလွန်လောဘတွေကို ရေးရေးရောင်ရောင် မစွမ်းဆောင်နိုင်ကြ။ အလင်းပျောက်နေတဲ့ တောနက်ကြီးအောက် ကျ.ပျောက်စရာမရှိသလို ကုန်းကောက်စရာလည်းနတ္ထိ ငါတို့  ဖိနပ်ပါး ဖနှေင့်ပေါက်တွေရဲ့  ဒုက္ခနဲ့ ဆင်းရဲခြင်းပြီးပြည့်စုံနေတဲ့ ဘ၀ နှလုံးသွေးကြောတွေ ပျက်စီးရပ်တန့်  ကိုယ့်ကိုယ်ကိုမတ်တတ်မရပ်နိုင်တော့တဲ့ သဂြိုစက်ထဲက လူတစ်ယောက်လို အတွေး အသွေး အသားတွေကို ခေတ်သစ်သွေးကြိုက်သူတို့ ဆီ ယဇ်ပူဇော်ပြစ်ရတော့မှာလား သွားစမ်းပါ... သေရွာပြန်ဆိုတာရှိလည်း နှစ်ခါပြန် တကယ်သေသူမှမရှိတာ ဦးနှောက်တွေ သော့ခတ်ခံရ နောက်ကျောနဲ့ နံကြား Insurance ထားလို့ မရ ဥပဒေမဲ့သူတွေနဲ့ ဥပဒေမဲ့သူကြားက ငါတို့ ဘ၀ ဆန်ကောထဲက လောက်စာလုံးတွေလို ဇောက်မရှိတဲ့ဆန်ကော စောင်းရွဲ့ တိုင်း လူးလှိမ့် ပြောင်လက်ပေးရမှာလား....။ ထိုးထိုးထောင်ထောင် ငါ့ဆံရိုင်းတွေ ဒုန်းစိုင်းခွါသံ ပြေးကြပါစေ ငါ့ဝတ္ထုက ငါ့ဦးခေါင်းနဲ့ အရေပြားကြား လွတ်လွတ်လပ်လပ် ပြေးလွှားကြပါစေ။ ဦးနှောက်ထွက်ကုန် အချင်းချင်း ညီညွတ်ခြင်းနဲ့ မိတ်ကောင်းဆွေကောင်း အိပ်မက်ရှည်တွေရိုက်ချိုး ရည်ရွယ်ရာတိုးဝေ့ပွေ့ ဖက် နေ့ ရက်တွေက ငါတို့ နဲ့ အတူ သက္ကရာဇ်တွေဆီပျံသန်း ပြောင်းလွဲရေးလမ်းက ကြမ်းထန်းမှာပေါ့ ငါတို့ တစ်တွေ အရှိန်ပြင်းတဲ့ မြှားတစ်စင်းလို ပစ်ကွင်းကိုပစ်ခွင်း အားမာန်တင်းတင်း ဖြောင့်မတ်ခြင်းတွေနဲ့ ပြေးလွှား သံမဏိလိုစိတ်ထားတွေနဲ့  ဦးတည်ရာစိုက်ဝင် ဒါ ငါတို့ နဲ့ အကြွေစောသွားတဲ့ ညီနောင်တို့ ရဲ့ ဆန္ဒ.....ခရီးရှည်။ မင်းတာရာ
12/3/2011
////////////////////////////////////
စည်းလုံးခြင်းသည် … -လူဗိုလ်--17,2, 2010။- စည်းလုံးခြင်းသည် … (၁) ပုံပြင်ထဲက အဖိုးအိုက ထင်းစည်းတစည်းနဲ့ သာဓက ပြ … (၂) ခုခါ လက်တွေ့မတော့ ဖွင့်ပွဲတွေမှာ သုံးနေကျ လေဗူဘောင်း တွဲတွေ …. ကုန်စိမ်းဈေးက ကန်စွန်းရွက် စည်းတွေ…. နှမ်းဖြူးထားတဲ့ မုန့်လေပွေ ထပ်တွေ …. စတာစတာတွေနဲ့သာ တွေ့တွေ့နေရ …. (၃) စည်းလုံးခြင်းသည် အင်အား ဆိုငြား ၀ + ၀ + ၀ + ၀ + ၀ = ၀-- လူဗိုလ် Feb ,17, 2011
လမ်းစပျောက်သွားသော ခရီးသည်များ (ဗိုလ်ချုပ်မွေးနေ့အကြို)
ဖေဖေါ်ဝါရီ ဆယ့်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ တထောင့်ကိုးရာ တဆယ့်ငါး ရှေ့နေ ဦးဖါသား ဇာတိနတ်မောက်မကွေးခရိုင် သိကြများခုတိုင် ကြံ့ကြံ့ခိုင် ဇာနည်ဘွား မိခင်ဒေါ်စုသား။ အောင်ဆန်းဇာတိ အမိအဖ အတ္ထုပ္ပကို နှုတ်က တဖွဖွ ဆိုခဲ့ရသမို့ တမ်းတ အမြဲ စိတ်ဝယ်စွဲခဲ့။ ယခုအခါ ဖတ်စာထဲမှာ မျိုးဇာတိပွား စာကောင်းများကို ခြစားပိုးတွေ စားပစ်လေသမို့ မိုးမြေကမ္ဘာအောက် အစပျောက်လေပြီ။ နောက်မှပေါ်လာ မြေဇာပင်များမှာ သမိုင်းမသင် အမှန်မမြင်တော့ အမြင်ရွဲ့စောင်း အကောင်းမမြင် အထင်နဲ့ရမ်း အကန်းပမာ လမ်းမမြင်ရှာသမို့ ပန်းလဲ မ၀င်နိုင်ပါ။ လမ်းမွှာ လမ်းကောက် လမ်းတွေပျောက်လို့ ချောက်ထဲရောက်ရှာ မှောင်ကမ္ဘာမှာ ယောင်ချာချာသာ ခရီးသွားနေရရှာ ဘယ်သောခါမှ လမ်းမှန်ရောက်နိုင်စွ။ ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဖေဖေါ်ဝါရီ -၁၁- ၂၀၁၁
-----------------------
ညီအောင်ပြုရ မဲ့ ပြည်ထောင်စု ထင်းတချောင်းစီ အလီလီကွဲပြား ဖြန့်၍ထားလျှင် အင်အားမတိုး ချိုး၍ကျိုးသည်။ ထင်းချောင်းများပြား စုပေါင်းထားလျှင် အင်အားကြီးမား ချိုးသော်ငြားလည်း လားလားမျှမလှုပ် ခိုင်မာသည့်ပြယုဂ်။
ပြည်ထောင်စုဘွား ညီနောင်များတို့ ကွဲပြားမနေ စုစည်းလေလော့ ဒို့ပြည်ဒို့မြေ စုပေါင်းနေမှ အခြေလှ။ ထင်းစည်းများလို စုစည်းထားမှ အင်အားရ။ ခွဲထွက်မသွား တွဲဖက်ထားမှ ပွဲထွက်လှမည်။ နွားကွဲ ကျားကိုက် စစ်အလိုက်ကို အငိုက်မမိ အကြိုက်မရှိနှင့်။ ဗိုလ်ချုပ်တသိုက် လူ့အမှိုက်ကို အင်တိုက်အားတိုက် လှည်းပစ်လိုက်။ အာရပ်စစ်သား စစ်မှုထမ်းများလို ဇာတ်တူသားမစား လမ်းမမှားဘဲ အားပေါင်းမသွေထုတ် လက်အစုံလှုပ်မှ အာဏာရှင်ဗိုလ်ချုပ်တွေကို အဟုတ်တကယ် ဖြုတ်ချနိုင်မယ်။ စုပေါင်းအားသည် ဒို့ရောင်ခြည် ဒီမိုကရေစီသည် ဒို့ပန်းတိုင် ပန်းတိုင်ဆီသို့ လှမ်းနိုင်ဖို့ ညီညာအားနဲ့ ကြိုးစားသွားစို့။ ကိုကိုအောင်(ဆန်ဖရန်စစ္စကို) (ပြည်ထောင်စုနေ့သို့)Feb 03 11
//////////////////////////////////
ဇာဂနာ ကဗျာ ဒေါ့ကွန်း မောင်လွမ်းဏီ အငြိမ့်အနုသဘင် သုခုမရင်ခွင်၊ ရုပ်ရှင် ဂီတ ဘ၀နဲ့ရင်း၊ လမ်းသစ်ထွင်း၍ တေးချင်းညည်းတယ်။ ကြောက်မွေးပါ ဇာဂနာနဲ့ နှုတ် အယုတ် အမြတ် အလတ်မရွေး ကြွေးကြော်သံပေးတယ်။ လူထုအပူ၊ လူထုဝေဒနာ တရားရှာ ကိုယ်မှာတွေ့တယ်။ အဘိဓမ္မာ၊ ဋီကာမချဲ့ အားနွဲ့သူရှေ့ ရှိနေတယ်။ သံဃံသရဏံ ဂစ္ဆာမိတော့ မချိတင်ကဲ၊ မျက်ရည်ဝဲတယ်။
အမှန်အကန် အဖန်ဖန်သစ္စာရှိကြဖို့ သံဃံသရဏံ ဂစ္ဆာမိကြပါတော့ အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့ ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့ ဘုရားရိုက်တာသာ ခံကြပေရော့လို့ မလျော့မပို အသော့ဆိုလိုက်ချင်သတဲ့ ဇာဂနာရဲ့ မှာတော်ပုံ မြေ၀သုန်ကို သစ္စာထားခဲ့တယ်။ ထောင်အပြင် တန်းလား သွားစမ်းပါတဲ့ အားလည်းနာတယ်၊ ခင်လည်းခင်တယ်။ စစ်ခွေးတိုက်ညစ်၊ မြစ်ကြီးနားမဲဇာ ဇာဂနာလေ သေတောင် ဒူးမထောက်နိုင်ဘူး။ ကဲ ... စစ်ဗိုလ်တအုပ် ဇာဂနာကို ကဗျာလုပ်တယ် ဘာပုဒ်မနဲ့ ဖမ်းမလဲ ...။ ။ မောင်လွမ်းဏီ
ဇာဂနာ၏ အသက် (၅၀) ပြည့် ရွှေရတု မွေးနေ့ ဂုဏ်ပြုခြင်း ၂၇-၁-၂၀၁၁
//////////
အင်ဖက်မိုးပြီး ရေးတဲ့ ကဗျာ A.T.H ကျနော်ငယ်ငယ် အင်ဖက်မိုးနဲ့ ကျနော်တို့အိမ်ကလေး မိုးလန့်ပြီး ယိုတဲ့ ညက အဖေဟာ သန်တုန်းမြန်တုန်းပေါ့။ အခုတော့ အဖေက အသက် (၇၀) တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီ။ ဟိုတုန်းကဆို အဖေက ခေါင်မိုးစပ်နားထိတက်သွား အမေက ကြမ်းပေါ်ကနေ ခြေဖျားထောက်ပြီး အင်ဖက်ကမ်းတယ်လေ။ သူတို့လင်မယား တိုးတိုးတိုးတိုး ကျနော် နိုးမှာစိုးလို့တဲ့။ နောက်ဆုံးတခေါက် ကျနော် အိမ်ပြန်ရောက်တော့ ကျနော်တို့အိမ်ကလေး သွပ်မိုးထားလိုက်တယ် “နင့်အဖေလည်း အသက်ကြီးပြီ ... သား မိုးယိုတဲ့အခါ အတက်အဆင်း မလုပ်နိုင်တော့ဘူး” အမေ့ပြောစကား ကျနော် ခံစားရပါတယ်။ တကယ်ဆို အိုကြီးအိုမ ဒီလင်မယားမှာ သားတယောက် ထွန်းကားခဲ့ပါတယ် အမေ။ ............. .............. ............. ။ တခါက အဖြစ်အပျက်တခု အမေ ပြောပြဖူးတယ် တညမှာ ဓားပြတွေ အဖေ့ကို ဖမ်းခေါ်တုန်း အဖေရဲ့အဖေ ကျနော့်အဘိုးက ခပ်လှမ်းလှမ်းကနေ ဓားပြတွေကို တုတ်နဲ့ ပစ်ပြီး ဓားပြလက်ကနေ အဖေ ထွက်ပြေးလို့ရအောင် လုပ်ပေးဖူးတယ်တဲ့ အဘိုးနဲ့ အဖေ ... သူတို့သားအဖ တယောက်ကို တယောက်ကာကွယ်ခဲ့ကြပုံတွေ။ ဒါကြောင့် အသက် (၆၀) မှာ အဘိုးဆုံးတော့ အဖေက ရှိုက်ကြီးတငင်ငိုတယ်။ “သားကို ဘယ်သူ ကာကွယ်ပေးမလဲ” အဘိုးကို တိုင်တည်တဲ့ အဖေ့စကား သား အခု နားလည်ပြီ .. အဖေ။ အဖေ့ဘ၀မှာ အမေ့ကို ချစ်ခဲ့တာတခုတည်းပဲ မိဘကို ဆန့်ကျင်ခဲ့ဖူးတယ်။ (၉) တန်းနဲ့ ကျောင်းထွက်ခဲ့တဲ့ တောရွာက ကျောင်းဆရာလေး ချို့ငဲ့တဲ့ အမေနဲ့ ညားတော့ အဘွားက သဘောမတူခဲ့ဘူးလေ။ အမေ ခဏခဏ ပြောတယ် တို့မိသားစု မချမ်းသာတာ နင့်အဖေကြောင့်တဲ့ အိမ်ထောင်ဦးမှာ မဆလခေတ် နိုင်ငံရေးအကျဉ်းသားအဘိုးအတွက် အမေတို့ အကုန်အကျ များခဲ့တယ်ပေါ့ စကားစပ်ရင် အမေက မချိတင်ကဲ အဖေကတော့ မျက်နှာလွှဲနေတယ် သားတယောက်ရဲ့ တုံ့ပြန်ကျေးဇူးဆိုတာကို ကျနော် မခံစားခဲ့မိဘူး။
မှောင်ခိုတခေတ်မှာ အဖေ့သူငယ်ချင်းတွေ ချမ်းသာသွားကြတယ် ... ကျနော်တို့ မိသားစု မချမ်းသာပါဘူး၊ သူများတွေ တိုက်ဝယ် ကားစီး ကျနော်တို့ ကားမစီးနိုင်ပါဘူး၊ “ငါတို့ ငွေမရှိချင်နေ ငါ့သားသမီးတွေ ပညာတတ်ရမယ်” တဲ့ အဖေ့ဒဿန ... သားသမီး (၄) ယောက် ကျောင်းစရိတ်ထောင်းတော့ အမေ့လည်ပင်းမှာ ရွှေမဆင်ခဲ့ရဘူး။ ကျနော် တက္ကသိုလ်ရောက်စ နိုင်ငံရေးကို စိတ်ဝင်စားတော့ စာအုပ်ထဲက သူရဲကောင်းတွေ အောင်ဆန်းအကြောင်း ... ဗဟိန်းအကြောင်း ကျနော် ပြောရင် အဖေ ပြုံးပြုံး ပြုံးပြုံး။ တကယ်တော့ ခေတ်ဆိုး စနစ်ဆိုးအကြောင်း အဖေ့လောက် ကျနော်က ပိုသိဦးမလား။ အဖေဟာ လရောင်အောက်မှာ အထုပ်ကလေးပိုက်လို့ ကုတ်ကုတ်ကလေး သူပုန်တွေကို ဆက်ကြေးပေးခဲ့ဖူးတယ်၊ အဖေဟာ သူပုန်နဲ့ ဆက်သွယ်လို့ဆိုပြီး တနေ့လုံး အခန်းပိတ်ပြီး ထိုးကျိတ်တာ ခံခဲ့ရဖူးတယ်၊ ကျွဲနှစ်ကောင်ကြားက မြေစာပင်ဘ၀တွေ အဖေလောက် ကျနော်က ပိုသိဦးမလား။ ဒါပေမယ့် အဖေက သူရဲကောင်းမဆန်ဘူး ပြည်တွင်းစစ်သေနတ်သံတွေကို ရပ်တန့်အောင်တော့ မလုပ်ဘူး သူ့သားသမီး ကျနော်တို့ကိုတော့ သေနတ်သံမကြားတဲ့ မြို့ကို ပို့ခဲ့တယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင်တော့ မကြိုးစားဘူး သူပုန်ကို ဆက်ကြေးပေးလိုက် သားအရွယ် စစ်ဗိုလ်တွေ ထိုးတာကို ခံလိုက်နဲ့ ... အဖေဟာ သတ္တိအတော်နည်းတာပဲ ကျနော် အဲသလို စိတ်စွဲခဲ့ဖူးတယ်။ သူ့အဖေ ခေါင်းချသွားတဲ့ ဇာတိမြေမှာနေ သားတွေ၊ သမီးတွေ၊ မြေးတွေကို ချစ်တတ်တဲ့ အဘိုးကြီးတယောက်ဟာ ဘယ်လိုလုပ် သူရဲကောင်းဆန်မလဲ။ သားတယောက် အိမ်က ပျောက်သွားတော့လည်း အိမ်ဘေးမြေကွက်လပ်မှာ ညနေတိုင်း ဆောင့်ကြောင့်ထိုင် သားဒိုင်ယာရီထဲက ဓာတ်ပုံကို ထုတ်ပြီး မျက်ရည်ကျချင်ကျနေမယ် ဒီအဘိုးကြီး ဘယ်လိုလုပ်သူရဲကောင်းဆန်မလဲ။ ဖခင်တယောက်ရဲ့ ပရိဒေ၀ သောကလွှမ်းတဲ့ မေတ္တာပို့သံတွေက ကျနော်နဲ့ မထိုက်တန်ခဲ့ပါဘူး ... အဖေ။ တကယ်တော့ အဖေဟာ အပြင်မှာ မိုးတွေ ဒီလောက်သည်းနေတာတောင် အင်ဖက်မိုးတဲ့ အိမ်ကလေးလို ကျနော်တို့ကို အစွမ်းကုန် လုံခြုံမှုပေးခဲ့သူပါ၊ ဒီကဗျာကို အဖေ့မြေး ကျနော့် သားဦးလေး မမွေးခင်မှာ လက်အုပ်ချီမိုး ကျနော် ရေးနေပါတယ် ဇာတ်တော်ထဲက အဇာတသတ်လို ကျနော် နောက်မကျချင်လို့ ... အဖေ။ A.T.H
/////////////////////////////
ကမ္ဘာမြေရဲ့သတင်းစကား ♦ကမ္ဘာမြေဟာ ကောင်းကင်မပါသောညကို ယောင်လို့ တောင်မှ အိပ်မက်မမက်ခဲ့။ ♦ရုပ်ဝတ္ထု့ တို့ ရဲ့အနာဂါတ်ငတ်မူ့ မှာ သမိုင်းနိဂုံးကမ္ပလုပ်လိုသူရဲ့ အပြာရောင်အတု စာမျက်နှာအတုမှာ ဆားထိခရုတကောင်လို သူ့ ကိုယ်ထဲသူပျော်ဝင်သွား။ ♦ရာစုနှစ်အားလုံး၌ ရှုံးနိမ့်ခြင်းနိယာမ မြိုသိပ်ခြင်းခါးသီးမှု့  ယဉ်ကျေးရေးအစဉ်အလာထဲ အိတ်ဂျီဝဲလ်ရဲ့ ကာလယန္တယား ခရီးသွားဆဲသာပ။
♦မုန်တိုင်းလှိုင်းထ မှိုင်းပြပြစကြာဝဠာ အလင်းရိပ်တို့ သာ ပါးလျှား “လူ့ လုပ်သားအားမန် အနိမ့်ပျံ ၊အမြင့်ပျံ ↔ ဖြန့် ကားတောင်ပံများ တိမ်စိုင်တိမ်ခဲတွေလိုရုန်းကြွ ။ ♦ကိုစိမ်းနီရေ ခင်များရဲ့“ထာဝရမိုးကောင်းကင်↔ ကြည်လင်ကျမ္မာလျက် ခရီးဆက်ထွက်ခွါ မနက်ဖြန် ရာဇဝင်ကောင်းကင်မှာ ချဉ်းနင်းဝင်ရောက်၊ရှင်ပြန်ထမြောက်လာလိမ့်ဆိုတာ ကျုပ်တို့ ရဲရဲယုံတယ် ။ ။ နေလက် ♦၂၀၀၅ခုနှစ်ရိုးမ ၃ တွင်ဖေါ်ပြခဲ့သောကဗျာအား ပြန်လည် တိုးချဲ့ ရေးသားထားပါတယ်။ ♦“ထာဝရမိုးကောင်းကင်↔၁၉၉၁ ဝန်းကျင်က ဆရာကိုစိမ်နီရေးခဲ့သောဝတ္ထုတိုစာအုပ်အမည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နှုတ်ဆက်ပါတယ် 2010 နှစ်ဟောင်းကို နှုတ်ဆက် နှစ်သစ်ကို ပွေ့ဖက်ကြမယ့် အချိန်မှာ အတိတ်ကို ပြန်မျှော်ကြည့်လိုက်ရင်....... ပျော်ရွှင်စရာထက် စိတ်ညစ်စရာတွေ များနေတဲ့ ဒို့နိုင်ငံက လူသားတွေ သောကမျက်ရည်တွေ ပွေ့ဖက်ပြီး ခရီးဆက်လာခဲ့တာ 2011 ကိုတောင် ရောက်တော့မယ်နော်.........။ မတရားတဲ့လူတွေရဲ့ လုပ်ရပ်ကို သင့်တင့် ပါတယ်လို့တင်ပြ အမှန်ကို အမှားလုပ်ချင်တော့ ပညာရှင်တွေကို ငွေပြပြီး ဖမ်းချုပ် အာဏာကို ဖမ်းဆုပ်ချင်တော့ ရွေးကောက်ပွဲကို အယောင်ပြ ဒီမိုကရေစီဝါဒလို့ ဟစ်အော် ဒါတွေကို ရမ်းတုတ်တဲ့ လူတွေက ကြားနေ၀ါဒလို့ ကြွေးကြော် စနစ်တခုက နှိပ်စက်မှုဒဏ် ခံခဲ့ကြရတဲ့ ဒို့ပြည်သူလူထုအသံတွေ အခုထိ ပွက်ပွက်ညံနေတုန်းပါဘဲ ...။ ဒီလိုနဲ့ ကြာလာတော့ ခေတ်ပြောင်း အသိဥာဏ်တွေ တိမ်းစောင်း ၊ အတွေးအခေါ်တွေက လွဲချော် ကိုယ့်အရိပ်ကို ရန်သူထင်ပြီး တွေသမျှ လူကို အပြစ်တင် .......။ ငါကသာ တွေးခေါ်ရှင်ဆိုပြီး စိတ်ကြီးဝင်လို့ မာန်ဝင့် အားနည်းသူကို ဖိထောင်း အကျိုးအကြောင်းက မညီညွတ် ဒီလိုနဲ့ ခရီးဆက်လာလိုက်ကြတာ ပိုစိုးပက်စက် ဗုန်းဗုန်းလဲတော့မယ့် အခြေအနေ တရပ်မှာေ၀၀ါးတဲ့ စိတ်ဓါတ်တွေကိုထားခဲ့ပြီး 2010ကိုလမ်းခွဲလိုက်ကြတာ ကောင်းပါတယ် ။ နည်းပညာက လိပ်လိုတွား ၀င်ငွေက ကျဆင်း အသိဥာဏ်တွေက မှောင်မိုက် ကုန်ဈေးနှုန်းက ခေါင်ခိုက် ရာသီဥတုက ကျီစယ် စိတ်နာတယ် 2010...။ ဒို့တတွေ ကျွန်ဘ၀နဲ့ နေရတဲ့ အချိန်ကာလထဲမှာ မင်းလည်းပါနေတာကြောင့် ၀မ်းသာစွာ လမ်းခွဲလိုက်မယ် နေရစ်တော့ ၂၀၁၀ရေ....... အသစ်တွေ့လို့ အဟောင်းကိုမေ့တယ်လို့ မင်းက ဆိုလာရင် ငါ မငြင်းပါဘူး. တနေ့ထက်တနေ့ကြပ်သထက်ကြပ် ငတ်သထက်ငတ်လာတဲ့ ငါတို့တွေအတွက် အတိတ်က စနစ်ဆိုးတွေကို သိမ်းပိုက်ထားတဲ့ မင်းကို ငါ့အသိဥာဏ်က လက်မခံချင်တော့လို့ မင်းနဲ့လမ်းခွဲခဲ့တာပါ ။ ဘာပဲဖြစ်ဖြစ် ပြင်လို့မရနိုင်တဲ့ အတိတ်ကို မေ့သာပစ်လိုက်တော့ ရှေ့ဆက်ရမယ့် အနာဂတ်ခရီးမှာ စိတ်ဓါတ်က တည်ကြည် ရည်ရွယ်ချက်က မွန်မြတ် နှလုံးသားက ဖြူစင် မှန်ကန်တဲ့ လမ်းစဉ်ကို သိမ်းပိုက် ချီတက်မယ်လို့ ဆုံးဖြတ်ပြီး မနက်ဖြန်ဆိုတဲ့ 2011 ကို ပျော်ရွှင်စွာ ပွေ့ဖက်ချင်လို့ နှုတ်ဆက်ပါတယ် 2010 .....။ ခင်မင်လေးစားလျှက် ဗမာ့သွေး 3; Jan, 2011
ဤခရီး...မနီးပါ
လက်ဖ၀ါးနဲ့ သင်ဗြူးဖျာ တသားတည်းပမာ အားကုန် ကုတ်ခြစ် ဆုပ် ဆွဲ ကျောက်သလဲလေးတွေ ချွေသလို အံတွေကို တင်းတင်းကြိတ်ခဲ ယမမင်းနဲ့ နင်ပဲငါပဲ ရဲရဲရင့်ရင့်ယှင်ရဲ သွေးသံတွေ တရဲရဲနဲ့  အမေရယ် လေ။ ဟိုလက်သည် အဒေါ်ထွေး ချွေးတွေတဒီးဒီး ဂရုစိုက်ခြင်းတွေ ကြီးကြီးနဲ့  အန္တရာယ်ကြီးတဲ့ ဒီခရီး နီးနီးလေးပေမဲ့ မောကြီးပန်းကြီး ကိစ္စပြီးမှ ဟင်း.....ကနဲ ပင့်သက်ချခဲ့။
ခေတ်မှီတဲ့ ဆေးရုံးကြီးထဲ ခွဲစိတ်စရာ ပစ္စည်းစုံစွ ဒေါက်တာနဲ့ နစ်မ သူတို့ ကျွမ်းကျင် လှလည်း သေပွဲကိုစိန်ခေါ်ရဲရင်း ခလေးမွေးခြင်းအတွက် အမေ့ ဗိုက်သားတွေ တဗျစ်ဗျစ်ကွဲရှ အင်္ဂါမှာကျ တစက်စက်ကိုက် ကွဲ သွေးတွေဆို နီရဲရဲကျ မရဏဆီစက္ကန့် မခြား ဒီခရီးလဲ မနီးနားခဲ့ လူသားတယောက် လောကပေါ်ရောက်ဖို့ ရယ်ပေါ့။ မနုသတ္တ ဒုလ္လဘ ဒီလိုနဲ့ ပ သူုတို့ ...သူတို့ တွေ ကံ စိတ် ဥတု အာဟာရ ထောက်ပံ့ မြင့်မြတ်တဲ့ လူသားစင်စစ်တွေပ။
ကွက်ကျားမိုးရွာ တို့ ပြည်မှာတော့ ခေတ်ကကြမ်းကြမ်း စနစ်က ဗရမ်းဗတာ စစ်ယန္တရားမဟာ အာဏာတွေနဲ့ ဆိုးသွမ်းကာ ချူချာတဲ့ လူနေမှုစနစ် ချို့ တဲ့ တဲ့စားဝတ်နေရေး ပိန်းပိတ်အောင် အမှောင်ချထားတဲ့ လူ့ အခွင့်ရေး ရှားပါးတဲ့ လူ့ အသုံးဆောင်တွေရဲ့ ကြား နွမ်းပါးစွာ ကူးလူး သွားလာကြရင်း HIV,AIDS တို့ နဲ့ ရင်းရင်းနီးနီးပေါင်းမိခဲ့ကြ အုပ်ချုပ်သူတို့ ရဲ့ ဥပက္ခာပြုခံထားရကြ။ ဒါပေမဲ့လဲလေ နှလုံးရေ ကြည်လင် ဖြူစင်နူးညံ့တဲ့ စိတ်ထား ကိုယ်ချင်းစာတရားတွေနဲ့  မြင့်မြတ်တဲ့ မေတ္တာဓါတ်တွေပြည့်ကြပ် ကိုယ့် တပြည်သားအချင်းချင်း ကူညီ ယိုင်းပင်း စိတ်ဓါတ်တွေ ခွန်အား သိမ်မွေ့ တဲ့အားပေးစကား လိုအပ်တဲ့ ဆေးဝါး အာဟာရ အတွက်အစားအစာ ယျဉ်ကျေးစွာ ပေးလှူတာကို လူ နတ် ဗြမ္မာ သာဓုခေါ်ပါလျှက် သူတို့ လက်ထက်မှာမှ အပြစ် ပရပွ ရ ထမင်းစားအလုပ်တွေ အပိတ်ခံရ အံဖွယ်သရဲပေ ပ အော်...အံဖွယ်သရဲ။ သူတော်ကောင်းတဖေါ် ဦးကျော်သူ ဒေါ်ရွှေဇီးကွက် သန်းမြင့်အောင် သံသာဝင်း ချိုတူးဇော် ကိုရဲလွင် အနဂ္ဂ ဆောင်းဦးလှိုင် နဲ့  ဒီမှာ ကိုကျားပေါက် ခင်ဗျားတို့ နောက်မှာပြည်သူရှိတယ်။ အမှန်တရားအတွက် ဆော့ခရတ္တိ လို အဆိပ်သောက်ပြဖို့  မလိုသေး ရှေ့ ရေးအတွက် ရှေ့ ကိုဆက်ရင်း ကျုပ်တို့  ရှေ့ ဆက်ကြရအုံးမယ်။ စစ်အာဏာရှင် မကျဆုံးသရွေ့  ကမ္ဘာကုန်ကျယ်သရွေ့ ပေါ့။ ။ မင်းတာရာ
14-dec 2010
--------------------
“ခွေးသံသရာ”
ခွေးစုတ်ခွေးနာ ခွေးဝါခွေးပိန် ခွေးမှိန်ခွေးမည်း ခွေးမွဲခွေးအူ ခွေးဖြူခွေးကုပ် ခွေးပုပ်ခွေးညှီ ခွေးချီခွေးစီ။ ခွေးနီခွေးညို ခွေးအိုခွေးပြာ ခွေးရာခွေးရေး ခွေးချေးခွေးရွံ ခွေးခွန်ခွေးဆောင် ခွေးယောင်ခွေးစာ ခွေးရှာခွေးလာ။ ခွေးရွာခွေးပြေး ခွေးမွှေးခွေးတောင် ခွေးကောင်ခွေးသား ခွေးခါးခွေးဖက် ခွေးလက်ခွေးကိုင် ခွေးမှိုင်ခွေးမွဲ ခွေးဆွဲခွေးပြဲ။ ခွေးလည်းခွေးခင် ခွေးမြင်ခွေးဟောင် ခွေးညောင်ခွေးကိုက် ခွေးမိုက်ခွေးဆိုး ခွေးမျိုးခွေးနွယ် ခွေးလည်ခွေးရှုပ် ခွေးယုတ်ခွေးနုပ်။
ခွေးတစ်လုံးတည်းကို ကြာရဲ့ ဝတ်ဆံသဖွယ် ဗဟိုပြုပြီးရေးထားတာကြောင့် ပဒုမ္မာကြာဆိုနည်းပါပဲ။ဒီရေးနည်း ထွင်ခဲ့တဲ့ ရှင်မဟာ ရဋ္ဌသာရသာ ဒီကဗျာဖတ်မိရင် ဘယ်လို မှတ်ချက်ပြုမယ် မသိပါဘူး။ ခွေးတွေကို တစ်လုံးခြားစီ ထည့်သွင်းရေးတာက ပုလဲတစ်ကန့် သန္တာတစ်ကန့် ရေးတဲ့ ပုံစံပါ။ဒီကဗျာရေးနည်းတွေကို ဒီဘက်ခေတ်မှာ ပြန်လည်ဖော်ထုတ်တဲ့ ကိုဟယ်ရီ ဖတ်မိရင်လည်း ဘယ်လို မှတ်ချက်ပေးမယ် မသိ။ ကဗျာအပိုဒ်တိုင်းရဲ့ နောက်ဆုံးကြောင်း နောက်ဆုံးစာလုံးက သူ့နောက်က လိုက်လာတဲ့ အပိုဒ်ရဲ့ ပထမဆုံးအကြောင်း ဒုတိယအလုံး နဲ့ ကာရံပြန်ယူထားပါတယ်။ နောက် ဆုံးတစ်ခုကျတော့ ဟိုးအပေါ်ဆုံး အပိုဒ်ရဲ့ ပထမစာကြောင်း ဒုတိယစာလုံး (နုပ်၊ စုတ်) အဲလို ကာရံပြန်ယူထားပါတယ်။ ဒါကြောင့် တစ်ပတ်ပြန်လည်သွားတာမို့ “ခွေးသံသရာ” ကဗျာလို့ နာမည်တပ်လိုက်ပါတယ်။ ဒီကဗျာ ရေးဖြစ်တာကတော့ ကျော်ညိုသွေးရဲ့ “ခွေးကျင့်ခွေးကြံ”ဆိုတဲ့ ကဗျာကို ဖတ်မိလို့ပါပဲ။ “ခွေးကျင့်ခွေးကြံ” ကို ဖတ်ပြီး ခွေးအဆင့်ခွေးဉာဏ်တွေ ထွက်လာလို့ပါ။ ပြီးတော့ ခွေးများအား ကူစဉ်းစားပေးသော သူငယ်ချင်း ခိုင်စိုးလင်း... ပဒုမ္မာကြာဆို၊ ပုလဲတစ်ကန့် စတဲ့ ရေးနည်းတွေရဲ့ မြင်ဆရာဖြစ်တဲ့ ကိုဟယ်ရီ... ထိုသူများအား ကျေးဇူတင်ပါကြောင်း ခွေးများကိုယ်စား ပြောကြား အပ်ပါသည်။ “မျောက်” နာမည်ပြောင် ရှိတဲ့သူငယ်ချင်းများကို ဂုဏ်ပြုသောအားဖြင့် နောက်တစ်ခါ မျောက်ကဗျာရေးမည်ဟု စဉ်းစားထားပါတယ်။ ရေးချင်မှလည်း ရေးဖြစ်မှာပါ။ သိပ်မစိုးရိမ်ကြပါနဲ့။
မေတ္တာဖြင့် ဟန်သစ်ငြိမ်
ပေးပို့် သူ ----အောင်မျိုးထွန်း
၈ ဒီဇင်ဘာ ၂၀၁၀
။။။။။။။။။။။။။။။။။။။။။။။။။။
ဆက်နွှယ်မှုတို့ ၏ပဠိပက္ခ (၁) လူဟာ ပြသာနာကောင် အဲဒါမရှိပဲမနေတတ်တာ လူ။
(၂) အားပြိုင်မှုတွေနဲ့ တခုမဟုတ်ခုခုမှာ ယှဉ်ပြိုင်နေတတ်သူတို့ လွဲမှားသည့်ကျင့်စဉ်တွေနဲ့ အသားကျနေသမျှ ဒီကာလမှာ အားနာစရာကောင်းလှတယ်။
(၃) အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားသော နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကြီးလို ပြိုကျပျက်စီးနေကြတဲ့ လူတွေရဲ့စိတ်ထား လွမ်းစရာတခုမှမတွေ့ ရ။
(၄) ပန်းချီကားကြီးတချပ်ပါ စိတ်ကူးဘို့ပဲပေးထားတာ တကယ်မလုပ်ဘို့တော့ တားမြစ်လိုက်ပါရဲ့။
(၅) ခင်ဗျားတို့ဆီမှာတော့ စိတ်ပိုင်း၊ရုပ်ပိုင်းဒုက္ခ ကျုပ်တို့ဆီမှာတော့ ခွဲခွာဝေးကွာခြင်း လူနေမှုအဆင့်အတန်းအတုတွေနဲ့ ဆိုင်သာဆိုင်သည်မပိုင်ရဆိုသလိုမျိုး။
(၆) လှောင်အိမ်အကျယ်ကြီးထဲမှာ ဘ၀တခုကို အရောင်းအ၀ယ် ကတိတွေပြုထားရင်း ခေတ်တခုကိုဆုံးရှုံးနေရသည်။ ထူးအံ့
29- Aug 2010
-----------------
”ငါးမျှားစင်္ကြာ ကြားကငါးများ” ထွားကြိုင်သန်မာ တောင်ပံပါ ပါလျှက် ကောင်းကင်မရှိလို့ အပျံခက်ခက် စူးရှ စွမ်းအား မျက်သားနက်နက် ၇ှိပါလျှက် အလင်းမရှိလို့  အမြင်ခက်ခက် အိမ်မက်ထဲမှာလဲ မှောင်လျှက်ကယ်မဲမဲ(မည်းမည်း) အပြင်မှာလဲမသဲကွဲ။ အုပ်စိုးသူကိုယ်တိုင်ကိုက အပြင်းစားအဆိပ်နဲ့ မြွေစိတ် အခွံတင်းတင်းမာတဲ့လိပ်ကိုယ် သူတို့ အလိုကျ ဘ၀ အထိုထိုတို့  ပြိုကျ ကြွေကျပေးလိုက် ဖြိုချခံနေခဲ့ရတာ ကမ်းပါးပြိုတွေက သောင်ဖြစ်ခွင့်ရှိခဲ့လည်း ငါ တို့ အဖြစ်က..........။
ကြည့်လေ သုည မှာမှအနုတ်ခံရ ဖြစ်လိုက်ရတဲ့ ဘ၀ ၀.၉၉ တောင်မကျန်တော့။ အနိဋ္ဌာရုံ ဒုက္ခ သောက ငါးတွေက အမျှားရပါပဲ ဘ၀ ငါးမျှားတံမှာချိတ်ချိတ်ပါခဲ့ ငါးကများလွန်းလို့ လား ငါးမျှားချိတ်ကများလွန်းလို့ လား။ ရွှေသမင်လမ်းမှန်သွားနေလည်း တံလျှပ်လေတွေမှားမှားယွင်းယွင်းနဲ့  ဒုံးစိုင်းရင်းတိုက်ခိုက်လာလေတော့။ ကဲ နကိုယ်ကငန်ပြီးသား ပင်လယ်ရေ ထပ်ငန်စရာအခြေမှမရှိတာ။ တကယ်တော့ တို့ တိုင်းပြည်ရဲ့  တိုးတက်ရေးနာရီက ပတ်လည်ပိတ်ထားတဲ့ ဒိုင် အကွက်တွေထဲ အကျဉ်းကျနေဆဲပဲ။ မင်းတာရာ
၁၉ သြဂုတ်လ ၂၀၁၀
--------------
----
”အိုဘယ့် ကယ်တင်ရှင်” ဒေါသပြင်းပြင်းနဲ့  အံကြိတ်ရင်း တောက်တင်းတင်းခေါက်မိ။ ခေတ်ပျက်တယ်ဆိုတာ နှစ်ဆယ့်တစ်ရာစုမှာ ငါ တို့ တိုင်းပြည်ဟာထိပ်ဆုံး ဒေါသထွက်မဆုံးမိတော့။
ငါ တို့ တိုင်းပြည်က သယံဇာတ အကြမ်းအဖျင်းရတဲ့ အိမ်နီးချင်းတွေကကြီးပွါး ငါတို့ မှာ ထမင်းချက်ဖို့  မီးပွါးတာတောင် ထင်း”ကမနိုင့်တနိုင် မျက်ရည်လည်ရင်း အံကြိတ်ရင်း တောက်တင်းတင်းခေါက်မိ။ ဟိုနေ့ က ငါ တို့ ဆီက ”ငါး” ငါတို့ ဆီအလည်ပြန်လာ တသေတ္တာကို အဲဒီလောက် နဲ့  ရှေးကဆိုစကား ငါးကြင်းဆီနဲ့ ငါးကြင်းကြော် ကြားလို့ မှမတော်ဘူး အံကြိတ်ရင်း တောက်တင်းတင်းခေါက်မိပြန်။ ငါတို့ မှာ အာဏာနဲ့ ပါဝါမိုးကောင်းရေတွေသာ အတ္တကြီးကြီး ဒေါသကြီးကြီးနဲ့  ၀ုန်းဒိုင်း တိုက်စားမှုအောက်ခံရ ခိုင်ကြည် ချို့ တဲ့စွာ ကိုယ့်ဘ၀ကိုယ်ရပ်တည်တဲ့ ကမ်းပါးတွေလဲ အပြိုပြိုအလဲလဲ ဒုက္ခရေစီးကြောင်းထဲ မြောပါနေရဆဲပဲ။
ငါတို့ ရဲ့ ကောင်းကင်ကို နိုင်ငံတော်ဆိုသူတို့  ယမ်းငွေ့ စုံတိမ်တိုက်တွေနဲ့  စိတ်ကြိုက် တိုက်ခိုက်လို့ ဖုံး မျော်လင့်ချက် အာကာ တခွင်လုံး အာဏာမိုးတိမ်တွေဖုံးလို့ ။ အတ္တပူရဲရဲအောက်မှာ ဒုက္ခ၀တ်စုံဝတ်ဆင်ထားကြရ သောကချွေးသီးအထပ်ထပ်နဲ့  ငရဲမီးဟပ်သလို တဦးချင်း ဘ၀တွေက ပူပြင်းလောင်ကျွမ်းကြရ နိုင်ငံချစ်ခေါင်းဆောင်များတဲ့လား ကယ်တင်လှဲ့ ပါ။ ။ မင်းတာရာ 24- jul 2010
အာဇာနည်နေ့ + စိန်တောင် စိန်သွား ယုံကြည်ခြင်းတရား ဘောင်ကျက်ထားတဲ့ ပြည်သူ့ နှလုံးသား ကင်းဘတ်ပြားပေါ်မှာ အောင်ဆန်းနဲ့ အာဇာနည်တွေ ရဲရင့်စွာ ဖန်ဆင်း စုတ်ချက်ပြင်း ပန်ချီကား တခမ်းတနား နီမောင်းပျိုမြစ် သမိုင်းသစ်ဆဲ။ + အဲဒီမှော်ဝင် ပန်ချီကားကို သူခိုး စစ်ဓါးပြ လူပွေ အမျိုး မစစ် သူတွေက မလိုတမာ စရိုက်ကြမ်းနဲ့ အိမ်ဦးခန်းကဖယ် မေ့ပင်လယ်မှာ ချောင်ထိုး မှိုချိုး မြှစ်ချိုး ဒါ- သွေးရိုး သားရိုး မဟုတ်…။ + ဒီ ပန်းချီကား ဖျက်လို့လဲ မ၀ါး ပျက်လို့ လဲမသွား လူထု နှလုံးသားမှာ စွဲထင် အသက်ဝင်လို့ မဆုံး ဖျက်သူသာ သုဉ်းမဟေ့ တိမ်ဆိုတာ အမြဲ မဖုံးဘူး မိတ်ဆွေ။ မင်းကောင်းချစ် 17 July 2010
----------------
ငရဲကြီးရှစ်ထပ်ရဲ့ အောက် စွဲစွဲလမ်းလမ်းနဲ့  တမ်းတမ်းတတ လူတကာတွေလို တန်းတူအခွင့်အရေးတော့လိုချင်တာပေါ့။ ခက်တာက အာဏာကိုဆုပ်ကိုင် ဥပဒေ ကိုဖင်ခုထိုင်သူတွေ ပိတောက်တွေသာ အခါခါပွင့် အခါခါကြွေ အခါလေးဆယ်ကျော်မက ပြောင်းလွဲခြင်း သင်္ခါရကိုအံတု အာဏာကို လုထားဆဲ။ ပုံစံခွက်ထဲ ရိုက်သွင်းပုံများက တရားမ၀င် စစ်ကျွန် တရားဝင် စစ်ကျွန်ဖြစ်ရေး တရားမ၀င် စစ်အာဏာရှင် တရားဝင်စစ် အာဏာရှင်ဖြစ်ရေး တွေးရင်း-ရင်လေးစရာ တချို့ တ၀က်မှာ အားပေးအားမြောက် အရူးကို ဘုံမြောက်တဲ့ပုံမျိုးနဲ့ ။ အိမ်နီးချင်း နိုင်ငံအရပ်ရပ် ပေါင်ပေါ်မှာ Laptop တွေနဲ့  ကမ္ဘာကြီးကိုဖတ်နေတဲ့အချိန် တို့ ရွှေနိုင်ငံမှာ အစာငတ်-ရေပြတ် ဒုက္ခအထပ်ထပ် အသက်ရှူကြပ်သထက်ကြပ် ငရဲဘယ်အထပ်ကိုများ ရောက်နေသလားပဲ။ သို့ သော် အမြင်မတော်ပုံက တိုင်းပြည်က စုတ်ပြတ် အုပ်ချုပ်သူဘုရင်မြတ် (သူတို့ ကိုယ်သူတို့ ) နန်းပြဿဒ်တွေနဲ့  ပဒေသရာဇ်လက်သစ်တွေ တိုင်းပြည်ရဲ့ ဘဏ္ဍာ သူတို့ အဖိုးအဖေ အမွေပမာပေါ့။ ရင့်ရင့်သီးသီး ဖိဖိစီးစီး ရမ်းရမ်းကားကား အာဏာသံလျှက်ကိုင်စွဲ လောဘမီးပင်လယ်ထဲမှာ တဟုန်းဟုန်းတငြီးငြီး ဒေါသမီးလျှံတွေနဲ့  ပြည်သူကိုညှင်းပန်း ဘယ်ငရဲခန်းကိုများ မြန်းကြမလို့ ပါလိမ့်။ သတိပေးစကား အနည်းငယ်ဆိုငြားအံ့ ငရဲကြီးရှစ်ထပ် မင်း တို့ နဲ့ မအပ်စပ်ဘူး။ မင်းတာရာ
27- jun 2010
ကံကြမ္မာကြောင့်လား အာဏာကြောင့်လား
တက်-ပြင်းပြင်းခေါက်ရင်း အံတင်းတင်းကြိတ်ရင်းနဲ့  ၀မ်းနည်းနာကျည်းမှု အထပ်ထပ်လိမ်းကျံထားတဲ့ အာရုံဦးမဟုတ်တဲ့ အာရုံဦးတွေ ပွေ့ ဖက်နမ်းရှုပ်နေရတာ နေရဲ့အရှေ့ ခြမ်း ကမ္ဘာရောက်တဲ့အချိန်တိုင်းပါပဲ။ အာဏာရှင်ရဲ့  စေခိုင်းချက်အရ ငါ့တံခါးဝမှာ နေ့ တဓူဝ ရင်းရင်းနီးနီး ပေါင်းသင်းကြီးပြင်းခဲ့ရ ဆင်းရဲနုံချာမှုဆိုတဲ့ နှစ်လေးဆယ်ကျော် အကျွမ်းတ၀င်ရင်းနီးခဲ့ သူခယ်ချင်း သူက ငါ့အိမ်မှာမှ မဟုတ်ပဲ ရွာရိုးကိုးပေါက် တပြည်လုံးရောက်နေတဲ့သူ။
တပြည်လုံးအတိုင်းအတာ ဆင်းရဲနုံချာ ဒုက္ခမှန်သမျှကို ပေါင်းသင်းစားသောက်ရတာ အသက်ရှည်ဆေး ထမင်းထက် သေချာမှုပိုများနေ။ လူစဉ်မမှီတဲ့ နေထိုင်မှုစနစ်တွေကို ရင်းရင်းနီးနီး လက်ပွန်းတသီး ပေါင်းသင်းနေထိုင်ခဲ့တာ လွတ်လပ်ရေးဆိုတဲ့အသံ မကြားခင်ကတည်းက သံယာဇာတပေါပါလျှက် ဆင်းရဲတွင်းနက်နေခဲ့ရ ကံကြမ္မာကြောင့်လား အာဏာကြောင့်လား.....။
ကိုယ့်မကိုဋ်ကိုယ်ဆောင်း ကိုယ့်ဘိတ်သိပ်ကိုယ်သွန်း ကိုယ့်နန်းကိုယ်ဆောက် အပြီးတိုင် ဘုံမြောက်နေတဲ့ ဘုရင်ရူး..................။ ပြည်သူကပေးတဲ့ ဘဏ္ဍာ သောက်ဗျောက် အိမ်ကြီးဆောက် မာနကြီးမှောက်နေလိုက်တာ တကယ်တော့ အိမ်ကြီးနဲ့ တကွ ပြည်သူ့ ဘဏ္ဍာတွေပါ။ ။ မင်းတာရာ
17 jun 2010
-------------------
တိမ်ဖုံးပါလို့  လမသာ
စစ်မှန်တဲ့ အုပ်ချုပ်ရေးနဲ့  တိုင်းပြည်ရဲ့ တိုးတက်မှုက သဟဇာတဖြစ်ရမည့်အစား ပြဒါးတလမ်းသံတလမ်း ကောက်ကွေ့ ပြီးဖြောင့်တန်းလို့ ။ လောဘ ဒေါသထူထူ ဟစ်တလာရဲ့ ပုံတူ အုပ်ချုပ်မူ ယန္တယား ပြည်သူကိုနင်းပြားလိုသဘောထား နေရာထိုထိုမှာရစ်မူး အာဏာရူးစုတ်တံနဲ့  တဖက်သတ်ရူးကြောင်ကြောင်ရေးဆွဲ ဥပဒေမဲ့အတ္တမြေရိုင်းပေါ် မြေစမ်းခရမ်းပျိုးသူတချို့  မျိုး(တိုင်းပြည်)ချစ်တယ်ဆို ဘယ်လိုနှလုံသားနဲ့  ယုံစားရမလဲ။ အာဏာနေရာ ဖန်ဆင်းသူနဲ့  ဖျာခင်းသူတို့  လုံးထွေးရှုပ်လို့  ကြည့်လို့ မှကောင်းရဲ့ လား အရပ်ကတို့ ။ ကောက်ကျစ်တဲ့ စစ်ဘုရင်ရဲ့ ရင်ခွင်ထဲ ငြိမ်းချမ်းရေးငှက် ဘယ်လိုပျံရပါ့မလဲ ဒီလိုနဲ့ ပဲမြန်မာပြည် အမှောင်ဖုံးခဲ့တာကြာပါပြီ။ ပြည်သူတို့ ခမျာ ဒုက္ခရဲ့ ဒုက္ခဘောင်ထဲ အိုက်ခမန်းရဲ့ -ငရဲခန်းအလား ဆန္ဒမပါတဲ့ ဆင်းရဲသားအလွမ်းခန်းကို ပါဝါမကိုဋ် လက်နက်နဲ့ မိုက်သူ အူတူတူဇာတ်ဆရာရဲ့  ငရဲခန်းပြဇာတ်ရှည်ထဲ သွေးမျက်ရည်နဲ့  ဘ၀ပေးစတေးရင်း ကြိတ်မှိတ်”က”နေရ။ အာဏာတိမ်တိုက် မဲ(မည်း)မှောင်ခိုက်မှာ ဥပဒေ အလင်းရောင် ဘယ်လာ ၀င်းပြောင်ပါ့မလဲ။ မင်းတာရာ
8 Jun 2010
ဆေးအချယ်ခံရသော ကံကြမ္မာများ
ယိုင်နဲ့ နဲ့  စက်ရုံ ပိတ်ရက်များတဲ့ စက်ရုံ မီးခိုးများတောင် လွတ်လပ်စွာပျံသန်းခွင့်မရှိတဲ့ စက်ရုံ စက်ရုံရဲ့ အလုပ်သမား ဘယ်လိုများသူတို့ ရဲ့ ဘ၀ မီးခိုးလောက်လှပပါ့မလဲ။ သေနတ်ကျွမ်းကျင်တဲ့လက် စီးပွါးရေး တွက်ချက် ဘယ်လိုဖြစ်ပြီး စီးပွါးတက်မှာလဲ စီးပွါးမတက် စီးပွါးပျက်တော့ နိုင်ငံခြားအလုပ်အတွက် အေးဂျင့်တွေဖွင့်ခဲ့ ဟိုလိုလို အေးဂျင့် ဒီလိုလို အေးဂျင့်။ ပျိုမြစ်သက်ငယ် သက်ရွယ်မိန်းခလေးများ ရောင်းကုန်ပစ္စည်းဖြစ်ခဲ့ စင်္ကပူ မလေး ထိုင်းကိုပို့ ခဲ့ကြ ကာမကျေးကျွန်အဖြစ်နဲ့ ပေါ့။ ပါမင့်ဆိုင်ရာ အေးဂျင့်တို့ မှာ ပြည်တွင်းမှအလုပ်သမား ပြည်ပပို့ သွား ခုနှစ်ရာထက်များပါမှ စိတ်ချရသတဲ့။
အေးဂျင့်တို့ ရဲ့ နှမ အမများမှာ ဘယ်မှာဘယ်ဘ၀ မရောက်ခဲ့။ ပြည်သူ မကြည်ဖြူတဲ့အာဏာ ပါဝါလက်နက်နဲ့  ဖြိုဖျက်ခဲ့လူ့ ဘောင် အမှောင်တခေတ် ဖန်တီးဖြစ်ခဲ့ အနာဂါတ်တွေပျက်စီးခဲ့။ ကျောမချခင်ကတဲက ဒမြမှန်းသိခဲ့ကြ တိုက်ပွဲကအဲဒီကစခဲ့ကြပေါ့။ မင်းတာရာ
2 jun 2010
ငြိမ်းချမ်းရေးနဲ့ စစ်ပွဲများ--မင်းတာရာ စစ် ဖြစ်ပြီးမှ ပြေငြိမ်းကြတာ သာဘာဝ လား။ လွတ်လပ်ပန်းကိုလှမ်းလင့် သွေးပျက်စရာစစ်ပွဲ အမှားနဲ့ အမှန်.....စစ်ပွဲ အမှားနဲ့ အမှား.....စစ်ပွဲ အမှန်နဲ့ အမှန်.....စစ်ပွဲ ဘယ်လိုစစ်ပွဲဖြစ်ဖြစ် ရက်စက်မှုနဲ့ ဆုံးရှုံးမှု အဲဒါတွေသာ စုပြီးရလိုက်တယ်။ စစ်ဖြစ်နေဆဲ ကျဉ်ဆံနဲ့ ယမ်းငွေ့  သူတပြန်ကိုယ်တပြန် ပွေ့ ခွေ့ အသက်ပေး၍ပေါ့။ ကမ္ဘာကြီးသာ စကားပြောတတ်ခဲ့ရင် ရင်နာလိုက်တာ အော်မိမှာပေါ့။ မာနုတို့  ခေတ် စစ်ပွဲတွေဖြစ် ခရူးဆိတ် စစ်ပွဲတွေဖြစ် ဟစ်တလာတို့  ခေတ် စစ်ပွဲတွေဖြစ် တနိုင်ငံနဲ့ တနိုင်ငံ စစ်ပွဲတွေဖြစ် တအုပ်စုနဲ့ တအုပ်စု စစ်ပွဲတွေဖြစ် ပြည်တွင်းစစ်ပွဲတွေဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်လိုက်တဲ့စစ်ပွဲ သေကြေဆုံးရှုံးရတာ
ပြည်သူတို့  ဘ၀ ပျက်စီးဆုံးရှုံးရတာ ကမ္ဘာ့ သံယာဇာတ "-----------------"က စစ်ကိုလွမ်းမိုး ငြိမ်းချမ်းရေးမိုးတွေ ရွာပါစေတော့။ အသိတရားနည်းပါး အင်အားကြီးမားမှုအမှန်ထင် စစ်ဘုရင်တွေ ကျဆုံး ရှုံးတိုင်းမှာ သမိုင်းအရိုင်းသာကျန်ခဲ့။ စစ်မီးလျှံအောက် အဖေပျောက် အမေကွဲ သားတွဲလွဲနဲ့  မုဆိုးဖို-မ ကုဋေကဋာမက ဖြစ်ခဲ့ရကြ စစ်ရဲ့ မဟာအမွေပေါ့။ မနုဿတွေ အသိညာဏ်တွေက မြင့်သထက်မြင့် အတွေးခေါ်တွေက ထက်သထက်-ထက် စစ်ပွဲတွေက ဖြစ်သထက်ဖြစ် ငြိမ်းချမ်းရေးအတွက် အသက်ပေးဆက်ရ သွေးတွေက သမုဒ္ဒရာ အရိုးတွေက ဟိမ၀န္တာ ဒါနဲ့ တောင် ငြိမ်းချမ်းရေးအတွက်စစ်ပွဲ နွဲနေရဆဲပဲ။ စစ်-ဖြစ်ပြီးမှ ပြေငြိမ်းကြတာ သာဘာဝ လား.။ ။ မင်းတာရာ
21- May 2010
" ပိတောက်နီတွေ ကြွေလေပြီ " ဥတုကနွေ ပန်းပိတောက်တွေတောင် အ၀ါရောင်မသန်းနိုင်တော့ အနီရောင်လွှမ်းနေ ကြွေခဲ့ကြပြီလေ။ မျက်လှဲ့ ဆန်ဆန် အလိုက်သင့်ကဗြောင်းပြန် ဗြောင်းပြန်ကအလိုက်သင့် ဥပဒေပြင်ဆင်ချက်တွေက ဓါတ်ပြားဟောင်းတချပ်အဖြစ် လူတွေစွန့် ပစ်ထားကြ။
နောက်ကျောမှဒါး(ဓါး)၀ှက် မျက်နာဖုံးတ၀က်နဲ့  ပီကာဆို ပန်းချီထက် (Pablo Picasso) ဒီဇိုင်းတွေကပြိုးပြိုးပြက်ပြက် အဲဒါတွေနဲ့  လက်ဆွဲနုတ်ဆက် ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ့်ကိစ္စပြီးဖို့ ။ သမိုင်းသွေးအထပ်ထပ် ညစ်ပတ်စုတ်ဟောင်း အာဏာရှင်ခေါင်းပေါင်းကို ဆပ်ပြာဘယ်လောက်ကောင်းကောင်း ဖြူနိုင်ကောင်းရဲ့လား။ ကျွမ်းကျင်ရက်စက် လူသတ်လက်ကို မက်လုံးဆပ်ပြာနဲ့ ဆေးကြော မင်းတို့ သဘောကို ပြည်သူနဲ့ ကမ္ဘာက ပါးရေ နပ်ရေ အ၀၀ ကောင်းကောင်းသိနေကြလေရဲ့ ။
နိုင်ငံတကာ တံထွေးခွက်က သွေးပျက်စရာမဟုတ် အရေးကြုံရင် နဂါး ဂဌုန် အရေခွံခြုံရင်လဲ လုံခြုံနေသားပဲလေ။ သမိုင်းတခုမှာ ပါရဂူမြောက်ရက်စက်မှု အိုက်ခမန်း က (Adolf Eichmann) ဂျူးတစုကို အမြစ်ပြုတ်သုတ်သင် ရာဇ၀င်မှာ ဘုရင်တဆူ အဲဒီလူထက် ခေါင်းတလုံမြင့်တက်သူ ဘုရင် က၀ိ တဆူ။ ဥတုကနွေ ပန်းပိတောက်တွေတောင် အ၀ါရောင်မသန်းနိုင်တော့ အနီရောင်လွှမ်းနေ ကြွေခဲ့ပြီးပြိးလေ။ မင်းတာရာ
ဖော်ပြပြီးကဗျာများ